မုဒုံ အောက်တိုဘာ ၁၅
မွန်ပြည်နယ် မုဒုံမြို့တွင် မိုးစပါးသီးနှံ ခေါင်နှံမျိုးသန့်ရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ဘဲရမ်းကျေးရွာရှိ ကွင်းအမှတ် (၈၄၂ က N ၃၃) တောင်သူ ဒေါ်မတော၏ လယ်မြေ၌ ပြုလုပ်ခဲ့သည်။
ကွင်းသရုပ်ပြပွဲတွင် မုဒုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က မိုးစပါးခေါင်နှံမျိုးသန့်စပါး ရွေးချယ်စိုက်ပျိုးနည်းပညာများ၊ ပျိုးဘောင်ပြုလုပ်၍ ပျိုးထောင်ခြင်း၊ ပျိုးနှုတ်စိုက်ပျိုးခြင်း၊ မျိုးသန့်ရွေးချယ်ရာတွင် မျိုးကွဲပယ်၊ အပင်ပွားစည်းချိန်၊ ပန်းပွင့်ချိန်၊ ရင့်မှည့်ချိန်၊ ရိတ်သိမ်းချွေလှေ့သန့်စင်အခြောက်ခံ၍ မျိုးအဖြစ် သိုလှောင်သိမ်းဆည်းခြင်း နည်းပညာအကြောင်းအရာများနှင့် စိုက် ဧက (၀ ဒသမ ၁၂)ဧကမှ ခန့်မှန်းတစ်ဧက အထွက်နှုန်း (၅၀)တင်းနှုန်းဖြင့် (၅ - ၆) တင်းခန့် ထွက်ရှိပြီး လာမည့်နှစ် မျိုးသန့်စိုက်ခင်း ငါးဧကအထိ ပြန်လည်စိုက်ပျိုးနိုင် ကြောင်း တောင်သူများအား ရှင်းလင်း ပြောကြားသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ကြပြီး ကွင်းအတွင်းရှိ မိုးစပါးသီးနှံ ခေါင်နှံမျိုးသန့်များကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)