သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

မင်းဘူး  အောက်တိုဘာ  ၁၅

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ ပင်ဖြစ်သည်။ ထိုနေ့တွင် မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်များကို ဟောကြားတော်မူသောနေ့ ဖြစ်သောကြောင့် “အဘိဓမ္မာအခါတော်နေ့” ဟု ခေါ်ဆိုကြသည်။ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်နေ့ ဓမ္မစကြာ အခါတော်နေ့များကဲ့သို့ပင် နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်ပြီး၊ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ဖြစ်သဖြင့် ထူးမြတ်သောနေ့အဖြစ် အသိအမှတ်ပြုကြသည်။ မြတ်စွာဘုရားရှင်ဆင်းသက် ကြွမြန်းလာသည်ကို ရည်စူး၍ ဘုရားရှင်အား ပူဇော်သည့်အနေဖြင့် ထိုနေ့တွင် ဆီမီးများထွန်းညှိပူဇော်ပွဲများ ဆင်ယင် ကျင်းပခဲ့ကြသည်။

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို အကြောင်းပြု၍ ကုသလာဓမ္မာ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာအစရှိသည်ဖြင့် အဘိဓမ္မာခုနစ်ကျမ်းကို ဟောတော် မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ ခေါ်ဆိုသမုတ်ကာအဘိဓမ္မာ ပူဇော်ပွဲများကျင်းပလေ့ ရှိကြသည်။

တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟု ခေါ်ဆိုနိုင်လေသည်။ အဘယ်ကြောင့်ဆိုသော် မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်းသက်၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းတွင်လည်း ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။ ထိုသို့နတ်ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကို ဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်း၌ ရှိသောပရိသတ်အားလုံး ဘုရားဆုကို တောင်းကြသည်။ တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။ ဤသည်ကိုရည်၍ ဘုရားဆုပန်နေ့ ဟု ခေါ်ဆိုခြင်းဖြစ်လေသည်။

မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမြော်ရန် စောင့်နေကြသောလူအပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမောဂ္ဂလာန်က ဘုရားသခင်အား မည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်သို့သက်ဆင်းမည်ကို လျှောက်ထားသော အခါဘုရားရှင်က ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်ရွယ်၍ ထိုနေ့ထိုရက်၌ ဥပုသ်သီတင်း ဆောက်တည်ကြပြန်သည်။

မြတ်စွာဘုရားရှင်သည် လူ့ပြည်သို့မဆင်းသက်မီ တာဝတိံသာနတ်ပြည်၌ ရေအစုံမီးအစုံ တန်ခိုးပြာဋိ ဟာပြတော်မူသည်။ မြတ်စွာဘုရားရှင်၏ တန်ခိုးတော်အားဖြင့် စကြဝဠာတစ်ခုလုံးသည် ဟင်းလင်းပြင် ဖြစ်သွားလေသည်။ ရှင်တော်ဘုရား၏ လောကဝိဝရဏတန်ခိုးတော်အားဖြင့် လူနတ်ဗြဟ္မာ ငရဲသား အားလုံးတို့သည် တစ်ဦးကိုတစ်ဦးထင်ရှားစွာ တွေ့ မြင်ရလေသည်။

သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာတော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်း သုံးနိုင်သည့် အခွင့်အရေးကို ရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာ‌တော်များသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော ကြလေသည်။ လောကီလူတို့၏ ထုံးစံအရလည်း အိမ်ရာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်ထားခြင်း တို့မှ လွတ်ကျွတ် စေသောနေ့ဟုဆိုရပေမည်။

အချုပ်အားဖြင့်ဆိုရသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ဝါမှထသောနေ့၊ ပဝါရဏာပြုကြသောနေ့၊ မြတ်စွာဘုရား တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော် မူသည်မှာ အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာ အခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာနတ်လူသုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ကော်ရော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက် မြင်ကြရသောနေ့ စသော ဂုဏ်ထူး၊ ဝိသေသအထူးထူးနှင့် ပြည့်စုံသောနေ့အဖြစ် ဂုဏ်ပြုပူဇော်လိုက်ရပါတော့သည်။

ဇေယျာထက်(မင်းဘူး)