ပန်း‌တောင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းတွေ့ဆုံဆွေးနွေး

ပန်းတောင်း အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များဖြစ်သော ကြခတ်ရပ်ကွက်ရှိ မြသွန်းနဒီ‌ဆေးဆိုင်၊ မင်းရပ်ရပ်ကွက်ရှိ ရွှေစိန်ဆေးဆိုင်၊ ဝန်လိုရပ်ကွက်ရှိ အောင်တံခွန်ဆေးဆိုင်နှင့် မိဘဂုဏ်ရည်ဆေးဆိုင်တို့အား ယမန်နေ့က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီးဒေါက်တာသန်းထိုက်စိုးနှင့်ဆရာမများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်မေသဇင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်ဖြူစင်သင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံဦးနေလင်းတို့နှင့်အတူ စားသုံးသူ‌ရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သန်းသန်းအေးတို့ပူးပေါင်း၍ မြန်မာ(Register)ပါရှိမှု ရှိ/မရှိ၊ သက်တမ်းလွန်ဆေးများရှိ/မရှိ၊ စပ်ဆေးများရောင်းချမှုရှိ/မရှိ၊ သုံးရာသီအမှတ်တံဆိပ်နှင့် ကိုယ်ပူချောင်းဆိုး၊ နှာစေးပျောက်ဆေး၊ အကြောပြေတံဆိပ်ဖြင့် အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးတံဆိပ်ဖြင့် ပန်းနာရင်ကြပ်ပျောက်ဆေး၊ အရိုးအကြော အဆစ်အမြစ်ကိုက်ခဲခြင်းများအတွက် မှင်ရောဂါပျောက်ဆေးများ ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းများပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ အဆိုပါဆေးများရောင်းချရာတွင် ဈေးနှုန်းအဆမတန်ရောင်းချမှုများမရှိပါကြောင်းနှင့် သက်တမ်းလွန်ဆေးဝါးများမရှိပါကြောင်း၊ အထူးဈေးကွက်စောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)