ပွင့်ဖြူ အောက်တိုဘာ ၁၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ပြည်သူများသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်နှင့် သစ်တောသစ်ပင်များကိုတန်ဖိုးထားပြီး စနစ်တကျကာကွယ်ထိန်းသိမ်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာသို့သွားရောက်ပြီး ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်း အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးမြင့်စိုးက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် နှစ်စဉ် သစ်တောစိုက်ခင်းများကို အကောင်အထည်ဖော်စိုက်ပျိုးခြင်း၊ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကျေးရွာနေပြည်သူများ၏ သစ်၊ တိုင်၊ မျော၊ ထင်းစသည့် သစ်တောထွက်ပစ္စည်းများကို ဖြည့်ဆည်းပေးနိုင်ရေး ကျေးရွာသုံးသစ်တောစိုက်ခင်းများကို တည်ထောင်စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောသစ်ပင်များကို စည်းကမ်းမဲ့ခုတ်လှဲ၍ ထုတ်ယူသုံးစွဲခြင်းများကို ရှောင်ကြဉ်ကြစေလိုကြောင်း၊ သစ်တောသစ်ပင် ပြုန်းတီးမှုမဖြစ်အောင် ထင်းအစားအခြားလောင်စာများကို တိုးမြှင့်သုံးစွဲသွားကြစေလိုကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးဟောပြောသည်။
ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးနှင့်ဝန်ထမ်းများက တက်ရောက်လာသည့် ဒေသခံပြည်သူများကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်နှင့် ထင်းလောင်စာသုံးစွဲမှုလျှော့ချနိုင်ရေးအတွက် စွမ်းအားမြှင့်အေဝမ်းမီးဖို အလုံးရေ ၅၀ အား ထောက်ပံ့ပေးအပ်ကာ စွမ်းအားမြှင့်မီးဖို၏ သုံးစွဲနည်းစနစ်နှင့်အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် မကွေးတိုင်းဒေသကြီးအပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးမြင့်စိုးသည် ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညွန့်ရွှေနှင့်ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ပွင့်ဖြူမြို့နယ် သက်သာပန်းတောင်းကျေးရွာအနီးရှိ စကြာပန်းဝောာင်းစေတီတော်မြတ်ကြီး ပရိဝုဏ်ဝန်းကျင်သာယာစိမ်းလန်းစိုပြည်စေရန်အတွက် ဆီးဖြူ၊ ဖန်ခါး၊ သရက်၊ ခရေ၊ သကြားပင်စသည့် အရိပ်ရပင် ၁၅ ပင်အား စနစစ်တကျ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )