ကြံခင်း အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် ဦးမြတ်ထွန်းက စာပေတန်ဖိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းက စာဖတ်ခြင်း၏အလေ့အထ ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဟောပြောကြသည်။ ယင်းနောက် မူလွန်မြို့မတောင်ကျောင်းမှ ဆရာမဒေါ်ဝင်းဝင်းမာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ကဗျာရွတ်ပြိုင်ပွဲကိုကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူ ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအား မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်/စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်တို့အား ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)