ပွင့်ဖြူ အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို အောက်တိုဘာ ၁၁ ရက်၊ ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုရာတွင် သန်းခေါင်စာရင်းကောက်များက ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာသို့ သွားရောက်ပြီး လူဦးရေနှင့်အိမ်အကြောင်းအရာ စာရင်းများ တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် ကျေးရွာအတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာ အချက်အလက်များနှင့် အိမ်အကြောင်းအရာများ တစ်အိမ်တက်ဆင်း မေးမြန်းကောက်ယူနေမှုများကို မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူရတို့က လိုက်လ့ကြည့်ရှုအားပေးပြီး အချက်အလက်စာရင်းများ ပြည့်စုံမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၅၂)အုပ်စုရှိ စာရင်းကောက်ကွက်ပေါင်း(၃၀၀)တို့တွင် စာရင်းစစ်၊ စာရင်းကောက် (၁၁၃)ဦးတို့က အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကာ အောက်တိုဘာ(၁၀)ရက်နေ့အထိ စာရင်းကောက်ကွက်(၁၈၄)ခု ၊ အိမ်ထောင်စုပေါင်း(၂၃,၃၄၆)စု၊ လူဦးရေပေါင်း (၈၁,၄၃၀)ဦးတို့ကို စာရင်းများ ကောက်ယူပြီးစီးပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)