ပေါင် အောက်တိုဘာ ၁၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ညနေ (၄)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေမှူး ဦးကျော်ကျော်လတ်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာအုပ်စု၊ လက်ပံရွာတွင် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတနှင့်နည်းပညာ ရရှိလာခြင်းဖြင့် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန်၊ စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းဖွံ့ဖြိုးလာစေရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအား အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ မိသားစု၀င်ငွေ တိုးပွားလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်ရည်ရွယ်၍ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) ကို ဆောင်ရွက်ရန်အတွက် မြို့နယ်လုပ်ငန်းအဖွဲ့မှ ကျေးရွာလုပ်ငန်းအဖွဲ့သို့ ရန်ပုံငွေကျပ်သိန်း (၃၀၀) လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးရွာလုပ်ငန်းအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်မည့် အသက်မွေးဝမ်းကျောင်းအဖွဲ့များဖြစ်ကြသော ပြည်ဖြိုး၊ အားမာန်၊ တိုးတက်အောင်မြင်၊ တိုးတက်ကျော်အဖွဲ့ (၄) ဖွဲ့သို့ တစ်ဖွဲ့လျှင် ရန်ပုံငွေကျပ်သိန်း (၇၅) သိန်းစီဖြင့် သိန်း (၃၀၀) ကျပ်ကို တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့သည်။
မွန်မလေး (ပြန်/ဆက်)