ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ ကျေးရွာများသို့ အသိပညာပေးလှုံ့ဆော်

တနင်္သာရီ နိုဝင်ဘာ ၂၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တနင်္သာရီ တိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နံ့မှု ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို ဒေသခံပြည်သူများက  ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ ည ၇ နာရီအချိန်မှစ၍ မြို့ပေါ်ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် အသိပေး လှုံ့ဆော်ပေးရင်းဖြင့် ခရီးသွားပြည်သူများထံ ပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးကြကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်းနှင့်ဝန်ထမ်းများ၊ ချောင်းကြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ချောင်းငယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်စည်ဖြိုးနှင့် ရာအိမ်မှူးများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ၊ ဖြစ်နိုင်ရင်အိမ်ထဲမှာနေကြရန်၊ မဖြစ်မနေ အိမ်အပြင်သို့ထွက်ပါက Mask တပ်ပြီးမှထွက်ရန်၊ လူစုလူဝေး ရှောင်ကျဉ်ကြရန်နှင့် ပညာပေးလက်ကမ်းစာစောင်ပါ လမ်းညွှန်ချက်များအတိုင်း တိတိကျကျ လိုက်နာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကြိုတင်ကာကွယ်ကြပါရန် လက်ကိုင် အသံချဲ့စက်ဖြင့် လှုံ့ဆော်ကြော်ငြာပေးပြီး လူအသွားအလာများသည့် နေရာများတွင် အသိပညာပေး ဗွီနိုင်းပိုစတာများကိုလည်း ကပ်ထားကြောညာ ပေးကြောင်း မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)