တောင်တွင်းကြီး အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက်(၇)နာရီမှ ညနေ(၆)နာရီအချိန်ထိ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီသီး၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို (တတိယနေ့) ဆက်လက်ကွင်းဆင်းကောက်ယူလျက်ရှိသည်။
အဆိုပါသန်းခေါင်စာရင်းကောက်ယူရာတွင် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၃)ခု၊ ကျေးရွာအုပ်စု(၁၆)၊ ကျေးရွာပေါင်း(၂၅)ရွာရှိ ကောက်ကွက်ပေါင်း(၄၃)ကွက်၌ စာရင်းစစ်၊ စာရင်းကောက်၊ Volunteer များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ စုစုပေါင်း(၂၁၇)ဦးက လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများကို အချက်အလက်(၆၈)ချက် မေးမြန်းကာ Mobile Tablet များဖြင့် အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ ကောက်ယူရာ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာဖြင့် ပြည့်ပြည့်စုံစုံဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ဇင်ညွှန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းဇော်မင်းတို့က လှည့်လည်ကြီးကြပ်၍ မြို့နယ်အဆင့်၊ ရပ်/ကျေးအဆင့် ကြီးကြပ်မှုကော်မတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက သက်ဆိုင်ရာကဏ္ဍအလိုက် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)