ကန့်ဘလူ အောက်တိုဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ကန့်ဘလူမြို့နယ် လိတ္ထူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသား/ကျောင်းသူများအား ဥပဒေပါကလေးအလုပ်သမားဆိုင်ရာ အသက်အရွယ်ကန့်သတ်ချက်များ၊ အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ အဓမ္မခိုင်းစေမှုဆိုင်ရာ အဓိပ္ပါယ်ဖော်ပြချက်များ၊ ကလေးအလုပ်သမားဖြစ်ပေါ်စေသည့် အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူအခွင့်အရေးများအကြောင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် အချက်အလက်များကိုလည်းကောင်း အသိပညာပေးဆွေးနွေး ဟောပြောကြသည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေးစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်းစားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)