ပဲခူး အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်ပူးပေါင်း၍ ယမန်နေ့က ပဲခူးမြို့နယ် အင်းတကော်စျေးတွင် အစားအသောက်ဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အင်းတကော်စျေးအတွင်း ရောင်းချနေသောအစားအသောက် နမူနာ(၂၄)မျိုးအား ဝယ်ယူကာ ရွေ့လျားဓာတ်ခွဲယာဥ်ပေါ်ရှိ တစ်ခါသုံးဓါတ်ဆေးပစ္စည်းများဖြင့် ပဲပြား၊ အမဲခေါက်၊ မုန်ညင်းချဥ်၊ သရက်ချဥ်၊ မျှစ်ချဉ် မျှစ်ဝါ၊ ကြက်အူချောင်း၊ လက်ဖက်၊ မျှင်ငါးပိ၊ ပဲငါးပိ၊ ပုစွန်ချဉ်၊ ဂျင်းချဉ်၊ သရက်ချဉ်၊ အသားတု၊ ထိုင်းငါးပိရည်တို့တွင် ခွင့်မပြုဓါတု တာရှည်ခံဆေးနှင့် ဓါတုဆိုးဆေးများပါဝင်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ အဆိုပါ အစားအသောက်နမူနာများ၌ ခွင့်မပြုဓါတုဆေးများပါဝင်ခြင်းမရှိကြောင်း သိရသည်။ ထို့အပြင် ငရုတ်သီးအနုမှုန့်(၂)မျိုးနှင့် အကြမ်းမှုန့်(၂)မျိုးအား ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရှိ ဓာတ်ခွဲခန်းတွင် ခွင့်မပြုဓာတုဆိုးဆေးများ ပါဝင်ခြင်းရှိ/မရှိ ယူဆောင်စစ်ဆေးမည် ဖြစ်သည်။
ထို့နောက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများသည် စားသောက်ကုန်ဆိုင်(၃၀)ကျော်ရှိ ဈေးသည်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ကြောင်းကြေညာထားသော အစားအသောက်များကို ရောင်းချခြင်းမပြုရန်သတိပေးခဲ့ပြီး ဈေးဝယ်သူများကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှထုတ်ပြန်ထားသည့် အစားအသောက်ဘေးအန္တရာယ်ကင်းရေးအတွက် လိုက်နာရမည့်အဓိကအချက်(၅)ချက်၊ အစားအသောက်ခွင့်မပြုဆိုးဆေးအန္တရာယ်၊ တားမြစ်တာရှည်ခံဆေးများနှင့် အစားအသောက်ဘေးကင်းစေရေးများပါဝင်သည့် လက်ကမ်းစာစောင်များအား ဝေငှကာ အသိပညာပေးခဲ့ကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)