ပြည်မြို့‌နယ်၌ အိမ်တိုင်ရာရောက် သန်းခေါင်စာရင်းကောက်ယူနေမှုအား ခရိုင်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး

ပြည် အောက်တိုဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့က စတင်ဆောင်ရွက် လျက်ရှိရာ ယနေ့တွင် ပြည်မြို့ ရွာဘဲရပ်ကွက်၊ ပြည်သာယာရပ်ကွက်နှင့် နဝဒေးရပ်ကွက်တို့၌ စာရင်းစစ်/စာရင်းကောက်အဖွဲ့များ၏ အိမ်တိုင်ရာရောက် သန်းခေါင်စာရင်းကောက်ယူနေမှုအား ပြည်ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ခရိုင်နှင့်မြို့နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများအဖွဲ့က လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ရပ်ကွက်/ကျေးရွာနေပြည်သူများအား အိမ်ထောင်စု၊ လူဦးရေနှင့်အိမ်အကြောင်းအရာဆိုင်ရာ မေးခွန်းပေါင်း (၆၈)ချက်ကို မေးမြန်း၍ ရရှိလာသည့် မှန်ကန်သောအချက်အလက်များကို ခေတ်မီနည်းပညာဖြင့် Mobile Tablet တွင် စနစ်တကျ စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူဆောင်ရွက်ခြင်းဖြစ်ပြီး ထိုသို့သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁၅ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု တာဝန်ခံလဝကမှူးများ၊ ထွေ/အုပ်စာရေးဝန်ထမ်းများနှင့် စာရင်းစစ်/စာရင်းကောက်အဖွဲ့များဖြင့် တစ်အိမ်တက်ဆင်းစာရင်း‌ ကောက်ယူဆောင်ရွက်မည်ဖြစ်သည်။

ပြည်မြို့နယ်တွင် ခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်ကြီးများအပါအဝင်ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း (၆၉) အုပ်စု၊ ကောက်ကွက်ပေါင်း(၆၆၂)ကွက်တို့၌  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ရက်နေ့ နံနက်ပိုင်းကစ၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအလိုက် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်နှင့် တိုက်နယ်တာဝန်ခံလဝကမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများနှင့် မြို့နယ်အဆင့်သန်းခေါင်စာရင်းကောက်ယူရေးသင်တန်း တက်ရောက်ခဲ့ပြီးသော စာရင်းစစ်/စာရင်းကောက် (၂၅၄)ဦးတို့ဖြင့် အိမ်တိုင်ရာ ရောက်ကွင်းဆင်း‌ ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း ခရိုင်နှင့်မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီထံမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)