မင်းလှမြို့နယ် ရွာသစ်ကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

အထက်မင်းလှ အောက်တိုဘာ ၃

 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့မွန်းလွဲ (၁)နာရီက ရွာသစ်ကျေးရွာဓမ္မာရုံတွင် ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ လာရောက်အသိပေးရှင်းလင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေးပူးပေါင်းဆောင်ရွက်ရန်၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြတ်သူက ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင်ရန် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နယ်မြေအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုများနှင့် ရပ်ရွာလုံခြုံရေးကို အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်‌နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် တက်‌ရောက်လာသူများက သိလိုသည်များကိုမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြကြောင်း သိရသည်။

 ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသ‌ရေးဦးစီးဌာနမှ ကျန်းမာ‌ရေးစစ်‌ဆေးပေးပြီး ဆေးကုဆေးကုသပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်တိုင်ရာရောက် လူဦးရေစစ်‌ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်နှင့် စားအုန်းဆီများအား မြို့နယ် ဆန်၊ ဆီလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)