ပွင့်ဖြူ အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ (၁)ရက်နေ့မှ စတင်ပြီး မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက စနစ်တကျ ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့က မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် တောင်အင်းကျေးရွာရှိ ဒေသခံပြည်သူများကို တစ်အိမ်တက်ဆင်းသွားရောက်၍ Tablet ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ် (Computer Assisted Personal Interviews - CAPI ) နည်းပညာဖြင့် မေးခွန်း(၆၈)ခု ပါဝင်သော အိမ်ထောင်စုမေးခွန်းပုံစံနှင့် မေးခွန်း(၁၈)ခု ပါဝင်သောအဖွဲ့အစည်းမေးခွန်းပုံစံများ အသုံးပြု၍ စနစ်တကျ စာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၅၂)အုပ်စုရှိ စာရင်းကောက်ကွက်ပေါင်း (၃၀၀)တို့တွင် စာရင်းစစ်၊ စာရင်းကောက် (၁၁၃)ဦးတို့က အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူသွားမှာဖြစ်ပြီး ယနေ့အထိ စာရင်းကောက်ကွက် (၂)ခု စာရင်းကောက်ယူပြီးစီးပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )