ဘိုကလေးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် အသက် (၁၀၆) နှစ်အဘွား၊ (၁၀၅) နှစ် အဘိုးတို့နှင့်အတူ ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား ထောက်ပံ့

ဘိုကလေး အောက်တိုဘာ ၂

ယနေ့ အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တွင် အသက်အကြီးဆုံးအဖွားဖြစ်သူ ဘိုကလေးမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ငှက်ပျောချောင်းကျေးရွာတွင် နေထိုင်သော အသက် (၁၀၆) နှစ်အရွယ် အဘွား ဒေါ်သိန်းကြည်၊ ဘိုကလေးမြို့နယ်ရှိ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာနှင့် ရိပ်သာရှိဘိုးဘွားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းမှုများဆောင်ရွက်ရာ ယမန်နေ့နံနက် (၉) နာရီ အချိန်တွင် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့ကြသည်။

ထောက်ပံ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က အသက် (၁၀၆) နှစ်အရွယ်အဘွားအတွက် ထောက်ပံ့ငွေကျပ် (၁) သိန်း၊ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာအတွက် ထောက်ပံ့ငွေကျပ် (၅) သိန်း၊ ရိပ်သာရှိ ဘိုးဘွား (၂၆) ဦးအတွက် တစ်ဦးလျှင် (၂) သောင်းကျပ်နှုန်းဖြင့် (၅၂၀၀၀၀) ကျပ်တို့အား ထောက်ပံ့ခြင်းဖြစ်ပြီး ဘိုးဘွားများ၏ လက်ဝယ်အရောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူး‌ပေါင်းကာသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ကလည်း အသက် (၁၀၆) နှစ်အရွယ်အဘွား ဒေါ်သိန်းကြည်အား အာဟာရဖြစ်ဖွယ်ရာ စားသောက်ဖွယ်ရာများ၊ ဆေးဝါးများ လှူဒါန်းပေးခဲ့ပြီး ဘိုကလေးမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ရွာမတွင် နေထိုင်သည့် အသက် (၁၀၅) နှစ်အရွယ် အဘဦးညိုအား ထောက်ပံ့ငွေကျပ်(၁)သိန်းခွဲနှင့် အဟာရစားသောက်ဖွယ်ရာများ၊ ဆေးဝါးများအား ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)