ချောင်းဆုံ အောက်တိုဘာ ၂
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက စတင်ကောက်ယူလျက်ရှိရာ စာရင်းကောက်သူများအား ချောင်းဆုံမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်နိုင်ဝင်း နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေး ကာ လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ကြကြောင်းသိရသည်။
သန်းခေါင်စာရင်းကောက်ယူခြင်းကို ချောင်းဆုံအရှေ့ရပ်ကွက်နှင့် သက္ကောကျေးရွာ အတွင်းရှိ သန်းခေါင်စာရင်းကောက်ကွက် (၁၄) ကွက်တို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ စာရင်းများတိကျမှန်ကန်စွာရရှိရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်းအရာများကို စာရင်းကောက်သူများမှ စနစ်တကျမေးမြန်းနေမှုများကို တာဝန်ရှိသူများကကြည့်ရှုကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီပေးခဲ့ကြသည်။
ချောင်းဆုံမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၁၇၂) ကွက်ရှိပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် (၆၅) ဦးတို့မှ လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)