မုံရွာ အောက်တိုဘာ ၂
မြန်မာနိုင်ငံ၏ တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာစာရင်းအင်း အချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိစေရေး၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာသုတေသနပြုပြီး လူမှုရေး၊ စီးပွားရေးစီမံခန့်ခွဲရေးကိစ္စများအတွက် မူဝါဒချမှတ်နိုင်ရေး အထောက်အပံ့ပြုနိုင်ရန်နှင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတဝန်းလုံးတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ကောက်ခံခြင်းလုပ်ငန်းများကို ယနေ့မှစ၍ စတင်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ရပ်ကွက်များနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူကော်မတီအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းကမှစတင်ပြီး စာရင်းစစ်စာရင်းကောက်များဖြင့် ကောက်ခံလျက်ရှိကြောင်း မုံရွာမြို့နယ်သန်းခေါင်းစာရင်း ကောက်ယူရေးကော်မတီထံမှ သိရသည်။
“ယနေ့ နံနက် ၇ နာရီအချိန်ကစပြီး မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရုံးကြီးရပ်ကွက်၊ ဘုရားကြီးရပ်ကွက်တွေမှာ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့တွေအသီးသီးနဲ့ ကောက်ခံနေပါတယ်။ ဒါ့အပြင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှာလည်း ယနေ့နံနက်ကစတင်ပြီး ကောက်ယူလျက်ရှိပါတယ်” ဟု မုံရွာမြို့နယ် သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဌေးက ပြောပြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့ မြို့ပေါ်ရပ်ကွက် ၃၁ ရပ်ကွက်တွင် ကောက်ကွက်ပေါင်း ၄၂၆ ကွက်တို့၌ စာရင်းစစ်စာရင်းကောက်အဖွဲ့ ၃၁ ဖွဲ့ စုစုပေါင်း ၁၇၅ ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် ကောက်ယူသွားမည်ဖြစ်ရာ အဆိုပါစာရင်း ကောက်ခြင်းလုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းအောင်နှင့် မုံရွာခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်ပါကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)