နတ်မောက် အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ကြီးကြပ်ဦးဆောင်မှုဖြင့် ပြည်သူများကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်နေစေရန် ဈေးအတွင်း ရောင်းကုန်ပစ္စည်းများထုပ်ပိုးရာတွင် အသုံးပြုသည့် ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား စက္ကူ၊ အင်ဖက်၊ ငှက်ပျောဖက်စသည့် အခြားထုပ်ပိုးပစ္စည်းများ အစားထိုးအသုံးပြုစေရေး ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign ပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်း/အပြင်တွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် မြို့မဈေးကြီးအတွင်း အမှိုက်ကင်းပြီး သန့်ရှင်းသာယာလှပစေရေး ရည်ရွယ်ချက်များဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများက ပလတ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှု လျော့ချရေးနည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်းများလျော့ချရေးအတွက် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ငန်းအစီအစဉ်များ၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းနည်းလမ်းများ၊ ပြန်လည် အသုံးပြုခြင်းနည်းစနစ်များကို ဈေးရောင်း၊ ဈေးဝယ်မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ကြ စေရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြေင်းနှင့် ပလတ်စတစ် ကြွပ်ကြွပ်အိတ်အစား စက္ကူ၊ အင်ဖက်၊ ငှက်ပျောဖက်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း