မြန်အောင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

မြန်အောင် အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူနေမှုအား ယနေ့နံနက်က မြန်အောင်ခရိုင်သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး  ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးတင်မြိုင်၊ မြန်အောင်မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းမင်းစိုး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြန်အောင်မြို့နယ် သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မောင်မြင့်တို့မှ လိုက်လံကြည့်ရှုအားပေး ကူညီခဲ့ကြသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် မြန်အောင်မြို့အမှတ် (၅)ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက နှင့် အမှတ်(၁)ရပ်ကွက်တို့၌ စာရင်းစစ်၊ စာရင်းကောက်သူတို့က လူဦးရေနှင့်အိမ်အကြောင်းအရာ စာရင်းများတိကျမှန်ကန်စွာရရှိရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်း အရာများ စနစ်တကျမေးမြန်းနေမှုများကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က တစ်အိမ်တက်ဆင်း လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီပေးခဲ့ကြသည်။

မြန်အောင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအသီးသီးတို့၌ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၆၀၃) ကွက်ရှိပြီး မြို့နယ်သန်ခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက်(၄၃)ဖွဲ့ တို့မှ လိုက်လံစာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)