ကျွန်းလှ အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံစေ ရန်ရည်ရွယ်၍ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြော၊ စာအုပ်စာစောင်နှင့် နံရံကပ် စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ မူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူများဖြစ်စေရန်အချိန်ကို အကျိုးရှိစွာအသုံးချပြီး စာပေဖတ်ရှုလေ့လာကြ စေလိုကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိပြီး အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံများ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ