ပွင့်ဖြူမြို့နယ် သက်သာပန်းတောင်းကျေးရွာ၌ (VDP)စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှု (၉၃) ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်

ပွင့်ဖြူ အောက်တိုဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေဖြင့် သက်သာပန်းတောင်းကျေးရွာ၌ ဒေသခံပြည်သူများ ရာသီမရွေးသွားလာရေး အဆင်ပြေစေရန်အတွက် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ (၉၃) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် သက်သာပန်းတောင်းကျေးရွာ၌ ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေကျပ် (၁၅) သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် (သုည ဒသမ ၈) သန်း၊ စုစုပေါင်းငွေကျပ် ၁၅ ဒသမ ၈ သန်းဖြင့် ကျေးရွာတွင်း မြေသားလမ်းအရှည်ပေ ၆၄၀၀ အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့်ထု ခြောက်လက်မမြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ကျေးရွာစီမံကိန်း လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ယခုနှစ်ဩဂုတ်လ (၁၅) ရက်နေ့ကစပြီး ကျေးရွာသူ ၊ ကျေးရွာသားများ ကိုယ်တိုင်တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကာ ယခုအခါ လုပ်ငန်းများ (၉၃) ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုအပ်သည့်နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယင်းမြေနီကျောက်စရစ်လမ်း ဆောင်ရွက်ပြီးစီးပါက သက်သာပန်းတောင်းကျေးရွာရှိ အိမ်ခြေ ၆၅ အိမ်၊ လူဦးရေ ၂၄၈ ဦးအတွက် ရာသီမရွေးအဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)