ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက် သင်တန်းသား၊ သင်တန်းသူများသည် မြေပြင်တွင် လက်တွေ့စမ်းသပ်ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်တွင် ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ (၇၀) ဦးတို့က အမှတ်(၃) ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကွင်းဆင်း၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပါ အချက်အလက်များကို Mobile Tablet များဖြင့်အိမ်ထောင်စုမေးခွန်းများမေးမြန်းခြင်း၊ အဖွဲ့အစည်းမေးခွန်းပုံစံများ မေးမြန်းခြင်းတို့ကို စမ်းသပ်ကောက်ယူခဲ့ပြီး သင်တန်းခန်းမတွင် အားနည်းချက်၊ အားသာချက်များကို သုံးသပ်ခဲ့ကြသည်။
အဆိုပါ လက်တွေ့စမ်းသပ်ကွင်းဆင်းကောက်ယူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တစ်အိမ်တက်ဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)