ပွင့်ဖြူမြို့နယ်၌ (VDP)စီမံကိန်းဖြင့် ကျေးရွာတွင်းမြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအပေါ် အသုံးစရိတ်ချပြရှင်းလင်းခြင်းနှင့် လူထုစစ်ဆေးပွဲအခမ်းအနား ကျင်းပပြုလုပ်

ပွင့်ဖြူ စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် သမန်းရင်းကျေးရွာအုပ်စု၊ သမုန်းကုန်းကျေးရွာ၌ ကျေးရွာတွင်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအပေါ် အသုံးစရိတ်ချပြရှင်းလင်းခြင်းနှင့် လူထုစစ်ဆေးပွဲအခမ်းအနားကို စက်တင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် သမုန်းကုန်းကျေးရွာ၌ ကျေးရွာနေပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေစေရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းမှ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေတို့ ပူးပေါင်းပြီး ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုနှင့် ပတ်သက်၍ လုပ်ငန်းအားသာချက်၊ အားနည်းချက်များ၊ ကျေးရွာတွင်းလမ်းအား ရေရှည်အသုံးပြုသွားလာနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းစောင့်ရှောက်သွားရန်အချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျေးရွာစီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကျေးရွာတွင်းမြေနီကျောက်စရစ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းပြီး ဘဏ္ဍာရေးဆိုင်ရာများနှင့် ပစ္စည်းဝယ်ယူရေးဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းနှင့်ပတ်သက်သော အကျိုးကျေးဇူးရလဒ်များကို ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် သမုန်းကုန်းကျေးရွာ၌ ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းရန်ပုံငွေကျပ် (၁၅)သန်း၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ် (၁)သန်း ၊ စုစုပေါင်း ငွေကျပ် (၁၆)သန်းဖြင့် ကျေးရွာတွင်းလမ်းအရှည်ပေ ၄၂၀၀ အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့်ထု ၉ လက်မ မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ကျေးရွာစီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ယခုနှစ် ဩဂုတ်လ ဒုတိယပတ်က စတင်ပြီး ကျေးရွာနေပြည်သူများကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် သမုန်းကုန်းကျေးရွာ၌ ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ ၁၃၆ အိမ်၊ လူဦးရေ ၅၅၀ ဦးအတွက် ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာအသုံးပြုနိုင်မည့်အပြင် လယ်မြေများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း ဈေးကွက်သို့ လွယ်ကူစွာ သယ်ယူပို့ဆောင်ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)