ဒေးဒရဲမြို့၌ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အသိပညာပေး ဟောပြောပွဲကျင်းပ

ဒေးဒရဲ စက်တင်ဘာ ၂၉

ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ (၂၀၂၄) ခုနှစ်  စက်တင်ဘာလ(၂၈)ရက်နေ့တွင် ရောက်ရှိသည့် (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲအခမ်းအနားကို  ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အခြေခံပညာဦးစီးဌာနက လက်ထောက်မြို့နယ်ပညာရေးမှူး ဦးကျော်ထူးက မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတနှင့် ကျန်းမာရေးဆိုင်ရာ အလေ့အထများ ပိုမိုရရှိစေရေးအတွက် အခြေခံပညာကျောင်းများသို့ အသိပညာပေး ဟောပြောပွဲများ ကွင်းဆင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာလှိုင်ဖုန်း​​မြင့်က ​ခွေးရူးရောဂါ လက္ခဏာများ၊ ရောဂါကူးစက်ပျံနှံ့ပုံနှင့် ကာကွယ်ရေးနည်းလမ်းများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်သူများအား ခွေးရူးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် အဆိုပါကျောင်းရှိ ခွေးများအား ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)