မင်းဘူးမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လက်တွေကွင်းဆင်း ဆောင်ရွက်

မင်းဘူး စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ် စာရင်းကောက်သင်တန်းများကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့ကစတင်၍ အမှတ် (၁) အခြေခံပညာကျောင်း၌ သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် သင်တန်းသား၊ သင်တန်းသူများက မြေပြင်လက်တွေ့ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းကို ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများဦးဆောင်မှုဖြင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသားများက Mobile Tablet များဖြင့် လက်တွေ့ ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

မင်းဘူး(စကု)နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၇) အုပ်စုရှိ နေထိုင်သူများအားလုံးကို (၂၀၂၄) ခုနှစ် အောက်တိုဘာ (၁) ရက်မှ စတင်၍  (၄၁၈) ကွက်ဖြင့် ရပ်ကွက်၊ ကျေးရွာများအလိုက် Mobile Tablet များဖြင့် ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)