ရေကြည် စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က အ.ထ.က(၁)(ရေကြည်)တေဇာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးအောင်နိုင်ဦးက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် မိမိတို့အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများနှင့်ပေါင်းစပ်ပြီးအောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်ချက်များရှိပါက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ အောင်မြင်စွာကောက်ယူနိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ စာရင်းစစ်/စာရင်းကောက်များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများအား မိတ်ဆက်၍ တာဝန်ပေးအပ်ခြင်းနှင့် ပုံစံများဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ရေကြည်မြို့နယ်အနေနဲ့ ရပ်ကွက်(၁၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၇)ခု၊ ရပ်ကွက်ကျေးရွာ(၅၂၃)စုရှိပြီး၊ ရပ်ကွက်/ကျေးရွာအားလုံးကို သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအား ရာနှုန်းပြည့်ကောက်ယူနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူရာမှာ အိမ်ထောင်စုစာရင်း ကောက်ကွက်ပေါင်း (၄၇၇) ကွက်ရှိပြီး စာရင်းကောက်အဖွဲ့ပေါင်း (၃၃)ဖွဲ့နှင့် စာရင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း (၁၈၂) ဦး အား ရွေးချယ်ခန့်ထားပြီးဖြစ်ပါသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး၊ မြို့နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးရဲသီဟထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကိုကိုနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို စက်တင်ဘာလ (၁၇) ရက်နေ့မှ (၂၈) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)