မုံရွာမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ စာရင်းစစ်/စာရင်းကောက်သင်တန်း ဆင်းပွဲကျင်းပ

မုံရွာ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ စာရင်းစစ်/စာရင်းကောက်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မုံရွာမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်သန်းခေါင်စာရင်းကော်မတီဝင်များ၊ သင်တန်းသားများနှင့် ရပ်ကျေးကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။

ဦးစွာ မုံရွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရးမှူးက သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့်မူဝါဒများ ချမှတ်ရန်အတွက်အရေးကြီးသော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသောစီမံကိန်းဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အားလုံးအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် မုံရွာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဌေးက သင်တန်းသားများအနေဖြင့် ပေးအပ်ထားသည့်တာဝန်များကို မိမိတို့၏အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများနှင့်ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများက ရပ်ကျေးကော်မတီဝင်များအား စာရင်းစစ်/စာရင်း‌ကောက် ခန့်အပ်လွှာများနှင့်  သန်းခေါင်စာရင်းဆိုင်ရာ ပစ္စည်းများအား အသီးသီးပေးအပ်ခဲ့ကြသည်။

လာမည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့မှစတင်၍  အောက်တိုဘာ (၁၅) ရက်နေ့အထိ မုံရွာမြို့နယ်အတွင်းရှိ ရပ်ကွက် (၃၄) ခုတွင် ကောက်ကွက်ပေါင်း (၄၂၆)  ကွက်တို့၌ စာရင်းစစ် / စာရင်းကောက် စုစုပေါင်း (၁၇၅) ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်း စနစ်ဖြင့် မထပ်မကျန်အောင် စနစ်တကျ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)