ပေါင်းတည် စက်တင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို မြို့နယ်မိုးလုံလေလုံအားကစားရုံ စက်တင်ဘာ (၁၇) ရက်နေ့တွင် စတင်ဖွင့်လှစ်၍ စာတွေ့၊ လက်တွေ့ပို့ချခဲ့ရာ ယမန်နေ့နံနက် (၉) နာရီအချိန်က လက်တွေ့သင်ခန်းစာအတွက် သင်တန်းတက်ရောက်နေသူ (၁၃၃) ဦးက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း၍ စမ်းသပ်ကောက်ယူခဲ့ကြကြောင်းသိရသည်။
ထိုလက်တွေ့စမ်းသပ်ကွင်းဆင်းကောက်ယူသည့် ကောက်ကွက်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာများကို မှန်ကန်စွာစာရင်းကောက်ယူနိုင်ရေးနှင့် အီလက်ထရောနစ်နည်းပညာဖြင့် ကောက်ယူနိုင်ရေးတို့ကို သင်ကြားပို့ချပေးလျက်ရှိရာ ယခုလက်တွေ့ ကွင်းဆင်းစမ်းသပ်ကောက်ယူခဲ့သည့် အတွေ့အကြုံများနှင့် အားနည်းချက်၊ အားသာချက်များကို သင်တန်းတွင် ပြန်လည်ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)