တောင်ငူ စက်တင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် စက်တင်ဘာလ ၁၂ ရက်နေ့မှစတင်၍ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်ကျော်လွန်ပြီး မြေနိမ့်ပိုင်းများရှိ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ မြစ်ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအခြေခံပညာကျောင်းပေါင်း (၆၇) ကျောင်းအား ယာယီပိတ်ထားခဲ့ရရာ အဆိုပါပိတ်ထားသည့် ကျောင်းများအမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်မှု၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏စီမံမှုများဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များစုပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။