ဟင်္သာတ စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ (၁) နာရီက ငဝန်မြစ်ကူးတံတား(မြို့ကွင်း) ချဉ်းကပ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ပါဝင်သွားသော တောင်သူများအား လမ်းဦးစီးဌာနမှ မြေယာလျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်က မြေယာလျော်ကြေးငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ပုံ အဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက တောင်သူ ဦးအောင်မြင့်သိန်းထံ (၁.၈၅)ဧကအတွက် လျော်ကြေးငွေ (၄,၆၂၅,၀၀၀)ကျပ်အားလည်းကောင်း၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးကျော်မင်းဦးက တောင်သူ ဦးအောင်မြင့်စိုးထံ (၁.၈၄)ဧကအတွက် လျော်ကြေးငွေ(၄,၆၀၀,၀၀၀)ကျပ်အားလည်းကောင်း၊ ခရိုင်စီမံကိန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ခိုင်ဦးက တောင်သူဦးမြင့်စိုးထံ (၁.၅)ဧကအတွက် လျော်ကြေးငွေ (၃,၇၅၀,၀၀၀)ကျပ်အားလည်းကောင်း၊ ဟင်္သာတမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းက တောင်သူ ဦးဌေးထံ (၁.၃၀)ဧကအတွက် လျော်ကြေးငွေ(၃,၂၅၀,၀၀၀)ကျပ် အားလည်းကောင်း၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးအောင်ကိုမြင့်က တောင်သူ ဦးချစ်သန်းထံ (၁.၁၇)ဧကအတွက် လျော်ကြေးငွေ (၂,၉၂၅,၀၀၀)ကျပ်အားလည်းကောင်း၊ ခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်က တောင်သူ ဒေါ်ခင်သန်းဝင်းထံ (၁.၀၀)ဧကအတွက် လျော်ကြေးငွေ (၂,၅၀၀,၀၀၀)ကျပ်အားလည်းကောင်း၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးအာကာကျော်လွင်က တောင်သူ ဒေါ်အေးအေးငွေထံ (၀.၈၅)ဧကအတွက် လျော်ကြေးငွေ (၂,၁၂၅,၀၀၀)ကျပ်အားတို့လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။ ၎င်းနောက် လျော်ကြေးငွေ ရရှိသော တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်း၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက နိဂုံးချုပ်စကား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ မြေယာလျော်ကြေးပေးအပ်ခဲ့မှုတွင် မြို့ကွင်းကျေးရွာအုပ်စုနှင့် ကရင်အင်းကျေးရွာအုပ်စုရှိ လုပ်ပိုင်ခွင့်ရ ဧရိယာဧက(၉၄.၀၃)ဧကအနက်မှ တောင်သူ(၃၂)ဦး၏ မြေ(၂၈.၂၈)ဧကအတွက် မြေ(၁)ဧကတန်ဖိုး(၂,၅၀၀,၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းမြေယာ လျော်ကြေးငွေ(၇၀,၇၀၀,၀၀၀)ကျပ်အား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုး၊ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးကျော်မင်းဦး၊ ခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် တောင်သူများ၊ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)