ပွင့်ဖြူ စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးရုံးက မိုးရာသီကာတွင် ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲခွင့်ရရှိစေရန် ရည်ရွယ်၍ စက်တင်ဘာ ၂၅ ရက်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင် ဦးဆောင်သော လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က မင်းဘူးခရိုင်၊ မန်းသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ ဖီဒါ(၁)ဖြင့် လျှပ်စစ်ဓာတ်အား ရယူအသုံးပြုသော ၃၃ ကေဗွီ ပွင့်ဖြူဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းသွားရောက်ပြီး ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင်နှင့် ဝန်ထမ်းများက ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် မင်းဘူးခရိုင်၊ မန်းသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံမှ ဖီဒါ(၁)ဖြင့် လျှပ်စစ်ဓာတ်အား ရယူအသုံးပြုသော ၃၃ ကေဗွီ ပွင့်ဖြူဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ယိုင်နဲ့နေသော ဓာတ်အားလိုင်းတိုင်များကို ကြံ့ခိုင်မှုရှိစေရန် ပြန်လည်တည့်မတ်ခြင်း၊ ကြွေသီးဟောင်းများ လဲလှယ်ခြင်းနှင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် ဒေသခံပြည်သူများ လျှပ်စစ်ဗို့အား ပြည့်ဝစွာသုံးစွဲခွင့်ရရှိရေးအတွက် ဓာတ်အားလိုင်း ကြံ့ခိုင်ကောင်းမွန်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများကိုလည်း လျှပ်စစ်မီးသုံးစွဲနိုင်ရေး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်သည်။ ထို့အပြင် ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာ၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်မီးစနစ်တကျသုံးစွဲနည်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကိုလည်း ကွင်းဆင်းဆောင်ရွက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)