ဝါးခယ်မမြို့နယ်၌ (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်‌ရေး‌‌နေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ဝါးခယ်မ စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ-ထ-က(၁) ဒေါ်ပိုက်မိခန်းမ၌ ယမန်နေ့မွန်းလွဲ (၂) နာရီခွဲအချိန်က (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်‌ရေး‌‌နေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်‌ရေး‌‌နေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဦးဆောင်ကျင်းပလျက်ရှိရာ မြို့နယ်ဦးစီးမှူး ဒေါက်တာသူဇာဝင်းမှ ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများ၊ တိရစ္ဆာန်မှတဆင့် ခွေးရူးရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများ၊ မိမိအိမ်မွေး တိရစ္ဆာန်(ခွေး၊ ကြောင်)များကို ခွေးရူးရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ၊ ခွေးရူးရောဂါဖြစ်ပွားနေသောခွေးတွင် တွေ့နိုင်သည့် ရောဂါလက္ခဏာများ၊ သတိထားလိုက်နာရမည့် အချက်များအား အသေးစိတ်ရှင်းလင်းပြောကြားပြီး ခွေးရူးရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်းများကိုပါ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသူဇာဝင်းနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၄၃၇)ဦးခန့် တက်ရောက်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)