ကန်ကြီးထောင့် စက်တင်ဘာ ၂၇
ဧရာဝတီတိုင်ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ စက်တင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာ မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ဦးစီးမှူး ဒေါက်တာသိန်းဆွေဦးက ခွေးရူးရောဂါနှင့် ပတ်သက်၍ တိရိစ္ဆာန်မှတစ်ဆင့် ခွေးရူးရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ အိမ်မွေး တိရိစ္ဆာန် (ခွေး၊ ကြောင်)များကို ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်ရမည့် အကြောင်းအရာများ၊ ခွေးရူးရောဂါဖြစ်ပွားနေသော ခွေး၏ အမူအကျင့်များ စသည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများကို ရိုက်ကူးခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲအခမ်းအနားသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယ တိုင်းဦးစီးမှူး ဒေါက်တာမောင်ဝင်း၊ ခရိုင်ဦးစီးမှူး ဒေါက်တာသိန်းဆွေဦး၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကြည်လင်းစိုးနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)