ကန့်ဘလူမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင် ပြပွဲကျင်းပ

ကန့်ဘလူ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြင့်မိုရ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီခွဲက အဆိုပါရုံး လူထုအခြေပြုဗဟို၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်၍ သတိပြုရှောင်ရှားရမည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်းဆေးဝါးသုံး စွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာသင့်သည့် အချက်အလက်များ၊ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)