မြစ်ကြီးနား စက်တင်ဘာ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ယူချိန်အဆင့်မြင့်ကိုယ်ပိုင်အထက်တန်းကျောင်း၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကို စက်တင်ဘာ ၂၄ ရက် နံနက် ၈ နာရီခွဲက အဆိုပါအဆင့်မြင့် အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘင်ခရာတပ်ဖွဲ့နှင့်အတူ ကျောင်းသား၊ ကျောင်းသူများက ကျောင်းလမ်းမတစ်လျှောက် ကြိုဆိုခဲ့ကြသည်။
ယင်းနောက် ကျောင်းရှေ့၌ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ကျောင်းကော်မတီဥက္ကဋ္ဌနှင့် ကျောင်းအုပ်ဦးရင်းစိန်ပန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းခန်းမ၌ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်အလံသီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာအကဖြင့် ကပြဖျော်ဖြေဖွင့်လှစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအား နည်းမှန် လမ်းမှန်ဖြင့် စနစ်တကျပြုစုပျိုးထောင်ပေးရန်လိုအပ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်သည် ယနေ့လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့အပေါ် မှီတည်သကဲ့သို့ တိုင်းပြည်၏အခန်းကဏ္ဍအားလုံးကို ပုခုံးပြောင်းတာဝန် ထမ်းဆောင်မည့် လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့်ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်သည့် အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်အောင် စနစ်တကျပြုစုပျိုးထောင်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ယူချိန်အဆင့်မြင့် ကိုယ်ပိုင်အထက်တန်းကျောင်းကော်မတီဥက္ကဋ္ဌက ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ကျောင်းသား၊ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာအက၊ တရုတ်ယဉ်ကျေးမှုအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများက ပွဲတော်အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲ များတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျောင်းခန်းမအတွင်း ကျောင်းသား၊ ကျောင်းသူများ စွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကျပန်းစကားပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဘတ်စကတ်ဘောပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံပါဝင်သည့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများ ကျင်းပပြုလုပ်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်များနှင့် ကြီးကြပ်ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ပြိုင်ပွဲအတွက် ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ငြိမ်းချမ်းသာယာအားကစားရပ်ဝန်းအတွင်းရှိ ဘက်စုံသုံးအားကစားခန်းမ (၃)ထပ်ဆောင် အပေါ်ဆုံးထပ်တွင် (၁၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်နယ်အဆင့်ပြိုင်ပွဲမှ စိစစ်ရွေးချယ်ထားသည့် ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်များအား စခန်းသွင်းလေ့ကျင့်ပြင်ဆင်နေမှုအခြေအနေများ၊ ပြိုင်ပွဲဝင်များအား ချက်ပြုတ်ကျွေးမွေးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် တိုင်းရင်းသား ရေးရာဝန်ကြီးက အားဖြည့်အချိုရည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေး ဦးစီးဌာနမှ ဌာနလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဆက်လက်၍ ပြည်နယ်ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်အေးစုလွင်ကဌာနဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့်အဓိကလုပ်ငန်းတာဝန်များ၊ ပြည်နယ်အတွင်း နယ်မြေတိုးချဲ့ခွင့်ပြုထားသော အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းအမည်နှင့် အမျိုးအစားများ၊ အာမခံလုပ်ငန်းများ ကြီးကြပ်စစ်ဆေးခြင်း၊ နိုင်ငံပိုင်ဘဏ်များ ကြီးကြပ်စစ်ဆေးခြင်း၊ အောင်ဘာလေ ထီလုပ်ငန်းများ ကြီးကြပ်စစ်ဆေးခြင်းနှင့် MSME လုပ်ငန်းများကိုလည်း လက်ရှိအချိန်တွင် ဆောင် ရွက်နေမှုအခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သိလိုသည်များနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)