ကျောက်တံခါး စက်တက်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဗလငါးတန်းပြည့်စုံစေရေးတို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်း(ကျောက်တံခါး) ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်း(ကျောက်တံခါး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန်းတင့်က ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ စဥ်းစားတွေးခေါ်မှုမြင့်မားလာစေရေးနှင့် ဗလငါးတန်ပြည့်စုံစေရေးတို့အတွက် လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ဆောင်ရွက်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်သန်းသန်းစိုးက ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က လူငယ်နှင့်စာရိတ္တ၊ လူမျိုးမြင်ဖို့စာဖတ်စို့၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်မုန်လာဥဝါ၊ ကြက်ဥ၊ ကော်ဖီတို့ရဲ့ဘဝအမြင်၊ ကျောင်းသားလူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စည်ကမ်းအစရှိသည့် ခေါင်းစဥ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံများကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း(၁၃၀)ဦး တက်ရောက်ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)