ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၂)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေး

ပဲခူး စက်တင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့က ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့်(၂၂)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ခုတင်(၅၀၀)ဆံ့  အထွေထွေ ရောဂါကုဆေးရုံးကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေးဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီနောက်ကျန်းမာရေးနှင့်ပတ်သက်၍ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခြင်းဖြင့် ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှု လစဉ်တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှုစစ်ဆေးပေးခြင်း၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး (၁)လစာ လစဉ်ထောက်ပံ့ပေးခြင်း၊ အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းအပြင် လူနာစောင့်များအတွက် နေ့စဉ်ထမင်းနှင့်ဟင်းအား အထူးသက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၌ စုစုပေါင်းအငြိမ်းစား နိုင်ငံဝန်ထမ်း(၉၃၀၀၀)ဦးကျော်ရှိပြီး ပဲခူးမြို့နယ်အတွင်း၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၁၂၀၀၀)ဦးကျော် နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)