မုဒုံမြို့၌ ဆီထွက်သီးနှံ(နေကြာ)တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံ ဆွေးနွေး

မုဒုံ စက်တင်ဘာ ၂၄

မွန်ပြည်နယ်မုဒုံမြို့နယ်၌ ဆီထွက်သီးနှံ(နေကြာ)ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် ယနေ့နံနက်ပိုင်းက ထောင်ကေး၊ ဖယ်ဒို ကျေးရွာများရှိ တောင်သူများနှင့် တာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငွေမှီက ဒေသတွင်း စားရေရိက္ခာဖူလုံစေပြီး တောင်သူများ အချိန်တိုအတွင်း အကျိုးအမြတ်ရရှိနိုင်မည့် စပ်မျိုးနေကြာစိုက်ပျိုးမှုတွင် လိုအပ်ချက်များကို စိုက်ပျိုးရာသီမတိုင်မီ တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လျာထားနေကြာစိုက်ဧကများ ပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့အပြင် တောင်သူများ၏ လိုအပ်သောစပ်မျိုးနေကြာ မျိုးစေ့များကို ဌာနအနေဖြင့် လုံလောက်စွာ စုဆောင်းထားပြီး မျိုးစေ့များပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဓာတ်မြေသြဇာသွင်းအားစုများကို သက်သာသည့်စျေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရာသီတွင် အပွင့်မပွင့်မီ ရေသွင်းစိုက်ပျိုးနိုင်ရန်နှင့် တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)