ဘားအံ စက်တင်ဘာ ၂၄
ကရင်ပြည်နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကလေးငယ်များသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ အရာရာတိုင်းကိုလေ့လာသင်ယူနေသည်ဖြစ်သည့်အတွက် ဆရာမများကလည်းကလေးသူငယ်များ၏ စံပြဖြစ်နေရန်လိုအပ်သကဲ့သို့ ကလေးငယ်များ သင်ယူလေ့လာနိုင်အောင် ပတ်ဝန်းကျင်ကောင်းများကိုလည်း ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ မူကြိုဆရာမများအနေဖြင့် မူကြိုအရွယ်ကလေးသူငယ်များကို အကျင့်စာရိတ္ထကောင်းမွန်သော နိုင်ငံတော်အတွက် အားထားရသော လူကောင်းလူတော်များဖြစ်စေရန် ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် အမှတ်(၁)ဘားအံမူလတန်းကြိုကျောင်းနှင့် အမှတ်(၂)ဘားအံမူလတန်းကြိုကျောင်းတို့မှ ရင်သွေးငယ်လေးများက ကဗျာတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့နယ် အတွင်းရှိကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၆၁)ကျောင်းအတွက် ငွေကျပ်၅၈၅၆၀၀၀ဝိ/-(ငါးရာရှစ်ဆယ့်ငါးသိန်းခြောက်သောင်း)ကျပ်ကိုလည်းကောင်း၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်းဘေဘီမြင့်က လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်း(၄၂)ကျောင်းအတွက် ငွေကျပ် ၄၀၃၂၀၀၀ဝိ/-(လေးရာသုံးသိန်းနှစ်သောင်း)ကျပ်ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက ကော့ကရိတ်မြို့နယ်နှင့် သံတောင်ကြီးမြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်း(၉)ကျောင်းအတွက်ငွေကျပ် ၆၈၄၀၀၀ဝိ/-(ခြောက်ဆယ်ရှစ်သိန်းလေးသောင်း) ကျပ်ကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က မြဝတီမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ် ကိုးမူကြိုကျောင်း(၂)ကျောင်းအတွက် ငွေကျပ် ၁၉၂၀၀၀ဝိ/-(တစ်ဆယ်ကိုးသိန်းနှစ်သောင်း)ကျပ်ကိုလည်းကောင်း၊ ပြည်နယ်လူမှု ဝန်ထမ်းရုံး ပြည်နယ်ဦးစီးမှူးက ကမမောင်းမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်း(၁)ကျောင်းအတွက် ငွေကျပ် ၉၆၀၀၀ဝိ/-(ကိုးသိန်းခြောက်သောင်း)ကျပ်ကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကာ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းဆရာမများကိုယ်စား ဆရာမတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ကရင်ပြည်နယ်အတွင်း ရပ်ရွာပြည်သူလူထု၊ လူမှုရေးအဖွဲ့အစည်းနှင့်တပ်ရင်းတပ်ဖွဲ့များ တည်ထောင်ဖွင့်လှစ်ထားသည့် ကိုယ့်အားကိုယ် ကိုးမူလတန်းကြိုကျောင်း(၁၁၆)ကျောင်းရှိပြီး တာဝန်ခံဆရာမတစ်ဦးလျှင် တစ်လ ၅၀၀၀ဝိ/ကျပ်နှုန်းဖြင့်တစ်နှစ် ၃၀၀၀၀ဝိ/-ကျပ်၊ စာသင်ဆရာမတစ်ဦးလျှင် တစ်လ ၃၀၀၀ဝိ/-ကျပ်ဖြင့်တစ်နှစ် ၃၆၀၀၀ဝိ/-ကျပ်၊ ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်းတစ်ကျောင်းလျှင် ၉၆၀၀၀ဝိ/-ကျပ် နှစ်စဉ်ထောက်ပံ့ပေး လျက်ရှိပြီး ယခုနှစ်တွင် ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်း(၁၁၆) ကျောင်းအတွက် စုစုပေါင်းငွေကျပ် ၁၁၁၃၆၀၀၀ဝိ/-(တစ်ထောင်တစ်ရာတစ်ဆယ်သုံးသိန်းခြောက်သောင်း)ကျပ်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)