မိုးညိုမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာ‌ရေးစောင့်ရှောက်မှု(အခမဲ့) ဆောင်ရွက်ပေး

မိုးညို   စက်တင်ဘာ  ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ(အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးကောင်းမွန်စေရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မိုးညိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်  ဦးစွာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးက ကျန်းမာရေးအတွက်လာရောက်ပြသသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆီးချိုသွေးချို၊ သွေးတိုး၊ ဝမ်းပျက်ဝမ်း‌လျှောရောဂါများနှင့် အစားအစာစားသောက်မှုပုံစံများ၊ ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်း‌ပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၅၅)ဦးအား သွေးပေါင်ချိန်‌ပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်းနှင့် လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးပြီး ဆေးဝါးနှင့်ကုသခြင်းများကို(အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။                                  

ကိုမင်း(ပြန်/ဆက်)