ညောင်လေးပင် စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသောလူကြီးဘဝ သဘောတရားကိုအခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှု၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာန၏လမ်းညွှန်ချက်ဖြင့် ညောင်လေးပင်မြို့နယ်ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာစောကလျာမှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ကိုယ်လက်လှုပ်ရှားအားကစားများပြုလုပ်ပေးခြင်း၊ ဆီးချိုသွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာကုသခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာသိရှိနားလည်ပြီး သက်တမ်းစေ့နေထိုင်သွားနိုင်စေရေးတို့အတွက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်လတိုင်းကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောကလျာထံမှ သိရသည်။
အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ လိုအပ်သည်များအား လာရောက်အားပေးကူညီခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)