နတ်မောက်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

နတ်မောက် စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၈) နာရီအချိန်က ရန်အောင်မြင်ရပ်ကွက် ရွှေဘုံသာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ ပြည်သူ့လုံခြုံရေးလုပ်ငန်းများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ မြို့နယ်အတွင်း ပြည်သူများ၏ လုံခြုံရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးက ရပ်ကွက်/ကျေးရွာ လူဦးရေစာရင်းတိကျမှန်ကန်ရေး သန်းခေါင်စာရင်းဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရန်/ရှောင်ရန် အချက်များကို ဆွေးနွေးခြင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက မြို့ရွာလှပသာယာစေရေး စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်စေရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဒေသခံရပ်ကွက်နေ ပြည်သူများမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။

လှဝင်း