ဒေးဒရဲ စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းကစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ လာရောက်ထုတ်ယူလျက်ရှိသည့် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် အငြိမ်းစားပင်စင်စားဦးရေ (၉၈၀)ဦးရှိပြီး သက်ကြီးပင်စင်စားများနှင့် နာမကျန်းသူများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိရာ လာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား မြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာန ဝန်ထမ်းများက ဆီးချို၊ သွေးချိုရောဂါ တိုင်းတာစစ်ဆေးပေးခြင်း၊ အထွေထွေရောဂါ စမ်းသပ်ကုသပေးခြင်းနှင့် လိုအပ်သည့်ဆေးဝါများ ထောက်ပံ့ပေးအပ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ အငြိမ်းစားပင်စင်စားများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများက အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် အာဟာရဒါနများ လှူဒါန်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း