မော်လိုက်မြို့၌ မိုးရာသီအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မော်လိုက် စက်တင်ဘာလ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ပြည်သူ့အားကွင်း၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းသို့ ချီတက်အလေးပြုနေရာယူခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြား၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်များ ရွတ်ဆိုခဲ့ကြပြီး ကျောင်းသူလေးများက Fittness Dance အကဖြင့် တက်ရောက်လာသည့် ဧည့်သည်တော်များကို ကပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို (၂၁.၉.၂၀၂၄)ရက်နေ့မှ (၅.၁၀.၂၀၂၄)ရက်နေ့အထိ အသင်း (၇) သင်းတို့မှ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဖွင့်ပွဲတွင် ပွဲဦးထွက် ကျောင်းတောင်အသင်းနှင့်ရွှေညီအကို အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြရာ ရွှေညီအကိုအသင်းက ကျောင်းတောင်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ကိုထက် (ပြန်/ဆက်)