ဇီးကုန်းမြို့နယ် အ.ထ.က(ဇီးကုန်း)၌ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဇီးကုန်း  စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ၍ ကျပန်းစကားပြောပြိုင်ပွဲကို အ.ထ.က(ဇီးကုန်း)ကျောင်းခန်းမဆောင်၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အထက(ဇီးကုန်း)ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မာမာဦးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျပန်းစကား ပြောပြိုင်ပွဲအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ Grade-10နှင့် Grade-11မှ ကျောင်းသား၊ကျောင်းသူ ၉ ဦးက "ပညာသည်ဘဝရှေ့ဆောင်"၊ "လူငယ်နှင့်အီလက်ထရောနစ်ပညာ"၊ "ပညာခေတ်မှာ ပညာရှာ"၊ "စာပေမြင့်မှလူမျိုးတင့်"၊ "လူငယ်နှင့် စာပေလေ့လာမှု"၊ "ကျောင်းသားလူငယ်နှင့်စာပေ"၊ "ပညာရဲရင့်ပွဲလယ်တင့်"၊ "အလိမ္မာစာမှာရှိ"၊ "စာဖတ်ခြင်း အကျိုးကျေးဇူး"စသည့်ခေါင်းစဉ်များမှ မိမိကျရာခေါင်းစဉ်များအား စီကာပတ်ကုံးပြောဆို၍ ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား  ကျောင်းအုပ်ဆရာမကြီး၊ ပြန်/ဆက်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)