တောင်တွင်းကြီး စက်တင်ဘာ ၂၁
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ် ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့် ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က စာရေးဆရာ ဗန်းမော်သိန်းဖေရေးသားသည့် “မျှဝေလိုသော အတွေးများ (၃)” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများကို ကြိုးစား သင်ယူ လေ့လာရန် လိုအပ်သလို ပြင်ပဗဟုသုတ ရရှိစေမည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှု မှတ်သားရန်နှင့် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် အနာဂတ်လူငယ်များဖြစ်သည့်အတွက် အသိပညာ၊ အတက်ပညာများနှင့် ဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကိုကျင်းပရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက “အောင်မြင်မှုဆိုတာ ဘာလဲ”၊ “အောင်မြင်မှုရဖို့ အချိန်စောင့်ရမယ်” ၊ “အလုပ်ထဲက စာဖတ်သူနှင့် စာမဖတ်သူ” ၊ “စာဖတ်လိုအောင်မြင်လာတဲ့ ဘန်ကာဆန်”၊ “အတ္ထုပ္ပတ္တိစာအုပ်များဖတ်ပါ "စသည့်အတွေးအမြင်ဆောင်းပါးများအား ဖတ်ကြားခဲ့ပြီး မိမိတို့ နားလည်သဘောပေါက်သည်များအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ စာရေးဆရာ တောင်တွင်းအောင်သက်ဦး၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်တို့က စာပေလေ့လာဖတ်ရှု့ခြင်းသည် ကျောင်းပညာရေးကိုလည်း အထောက်အကူဖြစ်စေပါကြောင်း၊ စာပေအုပ်စာပေများ လေ့လာဖတ်ရှုပြီးပါက စာအုပ်ပါအနှစ်ချုပ် အကြောင်းအရာများ၊ မှတ်သားထားသင့်သည်များအား မှတ်စုစာအုပ်ဖြင့် ရေးမှတ်ရန်လိုပါကြောင်း၊ စာဖတ်ခြင်းဖြင့် အခွင့်အလမ်းများကို ရရှိစေပြီး လုပ်ငန်းခွင်အောင်မြင်မှုကိုလည်း ရရှိစေနိုင်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းသို့ တောင်တွင်းကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)