ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကြာအင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးနိုင်လင်းက အသိပညာပေးဟောပြောပွဲကွင်းဆင်းဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မိမိတို့ဘဝတိုးတက်မှုရရှိလာအောင် စာများများ ဖြတ်ကြပါရန်၊ ကလေးငယ်များကို အတန်းပညာသာမက ပြင်ပဗဟုသုတများရရှိစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် စာအုပ်/စာစောင်များကို လေ့လာဖတ်ရှုစေလိုကြောင်း၊ စာဖတ်ခြင်းကြောင့် ရရှိလာသောအကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို အသိပညာပေး ဟောပြောခဲ့ရာ ကြာအင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်မော်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြသထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါး၏ အမျိုးအစားများစသည့် အသိပညာပေး နံရံကပ် စာစောင်များအား ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)