မြို့သစ် စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းက စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက် ၉ နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ပုလင်းဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၈၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၈၇ ဒသမ ၈၀ပေ)ရှိသည့်အတွက် ရေပိုလွှဲမှ(၂ ဒသမ ၈ပေ)၊စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ(၆၂၈ဒသမ ၂၀ပေ)ရှိသည့်အတွက် ရေပိုလွှဲမှ(၃ ဒသမ၂ ပေ)၊ ဆဒ္ဒန်ဆည် ရေလှောင်တမံ၏ ရေပြည့်အမှတ်သည်(၅၆၀ ဒသမ ၅၀ပေ)ဖြစ်ပြီး လက်ရှိရေမှတ် မှာ(၅၆၂ ဒသမ ၂၀ပေ) ရှိသည့်အတွက် ရေပိုလွှဲမှ(၁ ဒသမ ၇ပေ)ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း၊ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ရေကျော်ကျမှုရှိသော်လည်းဆည်၏ ဆက်စပ်အဆောက်အုံများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာ အခြေအနေမရှိကြောင်းနှင့်ဆည်အောက်ပိုင်းချောင်း တစ်လျှောက်ရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်လည်း တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှု၍ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများဆောင်ရွက်ကာ ဆည်အနီးနှင့်ပတ်ဝန်းကျင်ကျေးရွာများတွင် အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် အစိမ်းရောင်အလံများလွှင့်ထူကာ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံကသိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)