မော်လမြိုင် စက်တင်ဘာ ၂၁
အဏ္ဏဝါညစ်ညမ်းမှုလျှော့ချရေး၊ ကမ်းရိုးတန်းသယံဇာတများ ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးတို့အတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင် မွန်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် မော်လမြိုင်မြို့၊ ကမ်းနားလမ်း သန့်ရှင်းသာယာလှပမှု ရှိစေရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ သံလွင်မြစ်ကမ်း ဘေးတစ်လျှောက် ခြုံနွယ်များ၊ မြက်ပင်များ၊ စွန့်ပစ်အမှိုက်များကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်သူ ပြည်သူများတို့က ဒီရေတက်ချိန် သံလွင်မြစ်အတွင်း မျောပါနေသော စွန့်ပစ်အမှိုက်များအား စုပေါင်းဆယ်ယူ ရှင်းလင်းခြင်းဆောင်ရွက်ခြင်း၊ ကျောင်းသားကျောင်းသူ များအား အသိပညာပေးဟောပြောဆောင်ရွက်နေမှုများအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး၊ အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်နေမှုများ မရှိစေရေး၊ အမှိုက်များပိတ်ဆို့ခြင်းကြောင်း ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ကမ်းနားလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ ကမ်းနားလမ်းသန့်ရှင်းသာယာလှပစေရေး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း ပင်လယ်ကမ်းရိုးတန်းဒေသများ သန့်ရှင်းသာယာလှပရေးနှင့် ကမ်းရိုးတန်းသယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့စေရန်ရည်ရွယ်၍ စုပေါင်းသန့်ရှင်းပွဲကို ဆောင်ရွက်ခြင်းဖြစ်ပြီး တစ်လလျှင် (၂)ကြိမ် လစဉ်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)