ရွှေသောင်ယံမြို့ အ.ထ.က(အုန်းချောင်း) တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ရွှေသောင်ယံ စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စုရှိ အ-ထ-က (အုန်းချောင်း) စာသင်ကျောင်းတွင်   ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်းတွင် ရှေးဦးစွာ အ.ထ.က(အုန်းချောင်း) ကျောင်းအုပ်ဆရာမကြီးမှ အမှာစကားပြောကြားရာ ဗဟုသုတကြွယ်ဝစေဖို့နှင့် ကလေးများ၏ အနာဂတ်ဘဝသာယာလှပစေဖို့ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးမှူး ဒေါ်ရီရီလွင်မှ လူငယ်စကားဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားရာတွင် ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားအတိုင်း လူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတများ ကြွယ်ဝ‌‌စေရန်၊ လူအများ‌ရှေ့တွင် ရဲဝင့်စွာ ပြောဆိုဆွေးနွေးတတ်စေရန်၊ နှုတ်မှုစွမ်းရည် ကြွယ်‌ဝစေရန်နှင့်  အပြန်အလှန် ပူပေါင်းဆွေးနွေးတတ်သည့် စွမ်းရည်များ မြင့်မားလာစေရန် လူငယ်စကားဝိုင်းကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် Grade-10 ကျောင်းသား မောင်ဟိန်းညီညီသော်မှ လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မယွဏ်းမေရီဇော်မှ"လူငယ်နှင့်မူးယစ်ဆေး"ခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသားမောင်သူရအောင်မှ "လူငယ်နှင့်ယဉ်ကျေးမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-9 ကျောင်းသူ မဝါဆိုမိုးမှ " လူငယ်နှင့်စာရိတ္တ "ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများမှ ဆွေးနွေးခဲ့မှုများအပေါ် သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် လူငယ်စာဖတ်ဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပြန်/ဆက်ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့မှ ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)